Wednesday, April 25, 2012
ပြည်သူနဲ့ တသားတည်း .... ဗိုလ်ချုပ်
" စစ်ဘေးဒဏ်ကြောင့် ပြည်သူထုတစ်ရပ်လုံး စားဝတ်နေရေး ကျပ်တည်းပြီး
ဆင်းရဲဒုက္ခရောက်နေတဲ့ အချိန်မှာ ပဲပြုတ်ကို ဆီရွှဲရွှဲစားရမှာ
ငါ့ကိုယ်ငါ လိပ်ပြာမလုံဘူး "
" ဗိုလ်ချုပ်အောင်ဆန်းကို တပ်မတော်ဖခင်လို့ ပြောကြတယ်.. ဒါပေမယ့် ဒီထက်ပိုပြီးအရေးကြီးတာက ဗိုလ်ချုပ်ဆိုတဲ့ အဓိပ္ပါယ်ပဲ .. ဗိုလ် ဆိုတာ ဗလ ကလာတာ..အင်အားပေါ့ ..ဒီအင်အားဟာ မှန်ကန်တဲ့ အင်အားကို အသုံးပြုတဲ့နေရာမှာ အလေးအနက်ထား အသိအမှတ်ပြုပြီး ဗိုလ်ချုပ် ဆိုရင် ဘယ်သူ့ကိုပြောတယ်ဆိုတာ အားလုံး သိနေကြတယ်..ဗိုလ်ချုပ်အောင်ဆန်းလို့ ခုထိသိနေတာ တပ်မတော် အရာရှိတစ်ယောက် ဖြစ်နေလို့ မဟုတ်ဘူး.. ပြည်သူကို အင်အားပေးတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်လို့ လို့ ကျွန်မယူဆပါတယ်...
ဒေါ်အောင်ဆန်းစုကြည်
၂၀၁၂-ဖေဖော်ဝါရီ(၁၃)ရက်၊ ဗိုလ်ချုပ်အောင်ဆန်း ၏ (၉၇)နှစ်မြောက်မွေးနေ့
ပြည်သူလူထုနဲ့ ထပ်တူ ထပ်မျှ မှောင်ထဲမှာမီးခွက်ထွန်းပြီး နေထိုင်ခဲ့သူ
ဒုတိယကမ္ဘာစစ်ပြီးစ ရန်ကုန်မြို့ .....
စစ်ဒဏ်ကြောင့် ရန်ကုန်တမြို့လုံး လျှပ်စစ်မီးမရဘဲ အမှောင်တိကျနေတယ်..။ အဲဒီ အချိန်က မြန်မာနိုင်ငံကို ဆာဟူးဘတ်ရန်စ့် အုပ်ချုပ်တယ်... ။ ဘုရင်ခံဟာ မြန်မာနိုင်ငံသို့ ရောက်လာသောအခါ ဗိုလ်ချုပ်အောင်ဆန်းကိုသူ့ ရဲ့ဘုရင်ခံအိမ်တော်သို့ ဖိတ်ကြားခဲ့တယ်။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းက မသွားရောက်ခဲ့ဘူး ....
ဒါကြောင့် တစ်ညမှာ ဘုရင်ခံ ဆာဟူးဘတ်ရန်စ် ဟာ တာဝါလိန်းလမ်း မှာ နေထိုင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်သို့ ရောက်လာခဲ့တယ်...။ ဖ.ဆ.ပ.လ အဖွဲ့ချုပ် ဥက္ကဌ နဲ့ ပြည်သူ့ရဲဘော်သေနာပတိဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ် မှာလျှပ်စစ်မီးမရှိတာဖြစ်တဲ့ အတွက် ရေနံဆီမီးခွက် ထွန်းညှိနေထိုင်တာကိုတွေ့လိုက်ရတယ်..
ဒါ့အပြင် အိမ်အောက်မှာလည်း အစောင့်ရဲဘော် သုံး လေးယောက်သာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လူထုခေါင်းဆောင်ဘ၀ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရတယ်.. ဗိုလ်ချုပ်အောင်ဆန်း ရဲ့ တင်းတိမ်ရောင့်ရဲမှုနဲ့ ပရိယာယ်မလုပ်ဘဲ ရှင်းရှင်းဘွင်းဘွင်း ပြောတတ်တဲ့ အကျင့်စရိုက်ကို လက်တွေ့ကျကျ မြင်လိုက်ရတဲ့အတွက် ဆာဟူးဘတ်ရန့်ဟာ ဗိုလ်ချုပ်အောင်ဆန်းကို ပိုမိုယုံကြည်လေးစားသွားခဲ့တယ်..
ဒါနဲ့ဘဲ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဦးစီးပြီး အစိုးရအဖွဲ့ ဖွဲ့ဖို့ ပြောဆိုရသည်အထိ ဖြစ်ခဲ့ရတယ်.. ပြည်သူလူထုများစွာ လျှပ်စစ်မီးမရှိ မှောင်မဲထဲမှာ မီးခွက်ထွန်းပြီး နေရတဲ့အချိန်မှာ ကျွန်တော်တို့ ခင်မင်လေးစားရတဲ့ နတ်မောက်သားကြီးကလည်း သူချစ်တဲ့ဇနီး၊ သူချစ်တဲ့သား၊ သူချစ်တဲ့ သမီး၊ သူချစ်တဲ့ရဲဘော်လေးတွေနဲ့ ပြည်သူလူထုနဲ့ ထပ်တူ ထပ်မျှ မှောင်ထဲမှာ မီးခွက်ထွန်းပြီး နေထိုင်ခဲ့သူပါ...
ဒါကြောင့် ဗိုလ်ချုပ် ဖြစ်လာတာပဲ .....
(အသေးစိတ်လေ့လာလိုပါက ..
၁၉၅၆-ခုနှစ်၊ ဇွန်လထုတ် စာပေဗိမာန်မဂ္ဂဇင်း အတွဲ(၅)၊အမှတ်(၁)၊စာမျက်နှာ(၆၀)တွင်ဖတ်ရှုရန်....)
ပဲပြုတ်ကို ဆီရွှဲရွှဲစားရမှာ ငါ့ကိုယ်ငါ လိပ်ပြာမလုံဘူး...
" ကြည် ပဲပြုတ် နဲ့ နံပြားရရင် စားချင်တယ်... "
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဒီစာကို အားလုံးလိုလို ကြားဖူးကြမှာပါ ..
အဲဒီစာကို ကြည့်ခြင်းအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းဟာ ပဲပြုတ်နဲ့ နံပြားကို ကြိုက်တဲ့သူဆိုတာ သိရှိခဲ့ရတယ်... ဗိုလ်ချုပ်အောင်ဆန်း မကျဆုံးမှီ တစ်လ နှစ်လအလိုဖြစ်ပါတယ်.. ပြည်သူ့ရဲဘော်တပ်ဖွဲ့ကို တင်ပြဖို့ အဲဒီတုန်းကဗိုလ်ချုပ်အောင်ဆန်းရဲက နိုင်ရေးအတွင်းဝန်အဖြစ်ဆောင်ရွက်နေတဲ့ ဗိုလ်ထွန်းလင်းဟာ နံနက်စောစော တာဝါလိန်းလမ်းနေအိမ်ကို ရောက်ရှိခဲ့ပြီး ဧည့်ခန်းမှာ ဗိုလ်ချုပ်ကို ထိုင်စောင့်နေခဲ့တယ်.. ဆယ်မိနစ်လောက်ကြာတော့
ဗိုလ်ချုပ်အောင်ဆန်း အိမ်ပေါ်ကဆင်းလာပြီး ထမင်းစားခန်းထဲကို ၀င်သွားခဲ့တယ်.. " ပဲပြုတ် နဲ့ နံပြားပါလား .. လာဟေ့ ထွန်းလင်း အတူတူစားရအောင်ကွာ " လို့ ခေါ်တဲ့အတွက် ဗိုလ်ထွန်းလင်းကလည်း ထမင်းစားခန်းထဲဝင်သွားပြီး ဗိုလ်ချုပ်ဘေးမှာ ၀င်ထိုင်ခဲ့တယ်..
ဗိုလ်ချုပ်အောင်ဆန်းက ပဲပြုတ်ကို လက်နဲ့ နယ်လိုက်တယ်..
" ဆီတွေ ရွှဲလို့ပါလား" လို့ ဗိုလ်ချုပ်အောင်ဆန်းက ပြောလိုက်တော့ ဘေးနားမှာရပ်နေတဲ့ ဒေါ်ခင်ကြည်က..
" ဟုတ်တယ်..မနေ့က နတ်မောက်က အမျိုးတွေ ရောက်လာကြပြီး ဆီတစ်ပုံးပေးသွားတာနဲ့ ဆီရွှဲရွှဲလေး
စားရအောင် ထည့်လိုက်တာ " လို့ ပြန်ဖြေခဲ့တယ်...
အဲဒီတော့ ဗိုလ်ချုပ်အောင်ဆန်းက.." ဒါဖြင့်ရင် အဲဒီ ဆီပုံး ဘယ်မှာလဲ " လို့ မေးတော့ ဒေါ်ခင်ကြည်က
" နောက် မီးဖိုထဲမှာ " လို့ ပြန်ဖြေခဲ့တယ်.. ဗိုလ်ချုပ်အောင်ဆန်းက ချက်ချင်းထသွားပြီး အဲဒီဆီပုံးကို ယူပြီးတော့
နောက်ဖေးပေါက်ကနေ အိမ်အောက်ကို ခြေထောက်နဲ့ ကန်ချပစ်လိုက်တယ်.. အဲဒီလို ကန်ချပြီး ဗိုလ်ထွန်းလင်း
နားမှာ လာထိုင်ခဲ့တယ်..ပြီးတော့ ဗိုလ်ထွန်းလင်းကို လေသံအေးအေးနဲ့ ဗိုလ်ချုပ်အောင်ဆန်းကပြောခဲ့တယ်...။
" စစ်ဘေးဒဏ်ကြောင့် ပြည်သူထုတစ်ရပ်လုံး စားဝတ်နေရေး ကျပ်တည်းပြီး ဆင်းရဲဒုက္ခရောက်နေတဲ့ အချိန်မှာ
ပဲပြုတ်ကို ဆီရွှဲရွှဲစားရမှာ ငါ့ကိုယ်ငါ လိပ်ပြာမလုံဘူး ထွန်းလင်းရာ " တဲ့..။
အဲဒီလို ပြည်သူလူထု ဆင်းရဲဒုက္ခရောက်နေတဲ့ အချိန်မှာ ပြည်သူလူထုဒုက္ခကို ထပ်သူထပ်မျှ ခံစားနားလည်ပြီး
ပြည်သူလူထုနဲ့အတူ ကျင့်ကြံနေထိုင်တဲ့ ခေါင်းဆောင်မျိုးပါ..ဒါ့ကြောင့် ဗိုလ်ချုပ် ဖြစ်လာတာပဲ ...။
(၁၉၉၂-ခုနှစ်၊ အောက်တိုဘာလ ၂၉ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးအတွင်းဝန် ဗိုလ်ထွန်းလင်း၏
ကိုယ်တွေ့ ပြောကြားချက်)
# April 25, 2012 ရက် ၊ 11:54 တွင် ဧဒင်ဥယျာဉ်ဘကြီးအောင် ရေးသားခဲ့သော ဘလော့မှ ပြန်လည်ကူးယူထားခြင်းဖြစ်ပါသည်။
Monday, April 23, 2012
သစ်ခြောက်ပင်
ငါဟာ ......
ဘာမှမဟုတ်တဲ့ကောင်လေးတစ်ယောက်ပါကွယ်
လေနီကြမ်း ... ရမ်းတဲ့အခိုက်မှာ
ချစ်သူရဲ့လက်တစ်ဘက်က
ငါ့လက်မောင်းကို ဆုပ်ကိုင်လိုက်တယ်ဆိုတဲ့ အသိ
အားကိုးတဲ့အကြည့်တစ်ချက်ကြောင့်
မိုးမမြင် … လေမမြင်ထိအောင်
အောက်ခြေလွတ်ဖူးတယ် …. ။
နင် … ဘာဖြစ်လို့ အဲဒီလောက် .. အ ..ရတာလဲ ….. တဲ့
ချစ်သူရဲ့အငိုဒေါသတွေကြားမှာ
ငါဟာ ထီမထင်မျက်နှာပေးနဲ့
သူရဲကောင်းတစ်ယောက်ရဲ့အိမ်အပြန်လို
ဒဏ်ရာအနတရတွေကို
မက်မက်မောမောဂုဏ်ယူခဲ့ဖူးတယ် ….. ။
ဇာတ်သိမ်းခန်းလှချင်တာနဲ့ပဲ
အတင်းကာရော
ရင်ဖွင့်ရလောက်အောင်
ငါဟာ …. သတ္တိမရှိခဲ့ရုံလေးနဲ့ပဲ
အခု …. ကမ္ဘာပြိုစေတဲ့မိုးကြားမှာ
လွမ်းရဲ … ဆွေးရဲလာရတယ် …. ။
“ မတူညီတဲ့နောက်တော့ မပေါင်းစပ်ကြရုံပေါ့ ”
သဘာဝဆန်ချင်တာကလွဲလို့
ငါ့အတွက် ......
နင် ....ထည့်မတွေးခဲ့တဲ့နောက်တော့
မိုးရွာရွာ … နေပူပူ
(ငါ့အတွက်တော့ ….. )
အရိပ်တခုအတွက်
တိုင်ထူမနေတော့ပါဘူးကွယ် …. ။ ။
မိုးစက်နီ
Wednesday, April 11, 2012
သမုဒယ
ကြိုးတစ်ချောင်းပဲ
ဒါပေမယ့် ......
ချည်ဖို့ မသုံးခဲ့ဖူးတဲ့နောက်
မာယာကြားမှာ ... ဒဏ်ဖြစ်
နောက်ဆုံးတော့ .....
ကျန်ရစ် .... ပဲဖြစ်ခဲ့တယ် ။ ။
ကျနော်နှင့်ဆောင်းရာသီမြူခိုးများ
မစွန်းထင်းချင်ခဲ့တာလား
ငါနဲ့ ကင်းကင်းရှင်းရှင်းဖြစ်ချင်ခဲ့တာလား
အလွမ်းခံရှိတာတောင်မှပဲ
အူအရိုင်းလောက်ခံစားလိုက်ရတယ် ...... ။
မိုးပြိုမှာကြောက်တယ်ဆိုမှ
ခြိမ်းခြိမ်းပြတတ်သူစားမျိုးတွေ
ဘာမှမရလိုက်ရင်တောင်မှ
လွမ်းဆွတ်ခွင့်တော့ပိုင်မှာပါလေ ........
မှိုင်းအုပ်အုပ်မြရာပင်ကြီးတော့
သိမ်ငယ်ရတော့မယ်ထင်ပါ့ .......
ငါလွမ်းရပြီဆိုတဲ့နောက်
အရုဏ်တက်ဖို့ မရှိတော့ဘူး ........ ။
တသသရှိဖို့ကတော့
အသေအချာဆုံးဖြစ်လိမ့်မယ်
နန်းကျဘုရင်တစ်ပါးရဲ့
အတောက်ပဆုံးအတိတ်တွေမှာ
နင်ဟာ .... အင်ပါယာပါမြူနှင်းရယ် ........ ။
ကျွမ်းကျင်ပိုင်နိုင်လှတဲ့ပုံပြောကောင်းသူရဲ့
အိပ်ယာတစ်ပုဒ်မှာ ငါဝင်ကနေရမှန်း
မိုးစုန်းစုန်းချုပ်မှသိလိုက်ရချိန်မှာ
ငါ ..... ဆေးမမီတော့ဘူးလေ ........ ။
အသိခေါက်ခက် .... အ၀င်နက် တဲ့ .... ငါ
ဆောင်းတစ်ခုရဲ့ မြူခိုးလိုပဲ
လွင့် ... ပြယ် .... ကွယ် .... ပျောက်
( နင့်အတွက် ....... )
မီးတောက်ပေးဖူးတဲ့ ကောက်ရိုးတစ်မျှင်လို
သမိုင်းမရှိ ... မှတ်တမ်းမရှိနဲ့
ပိပိရိရိ ပျောက်ဆုံးသွားခဲ့ရပေါ့ ....... ။ ။
(တစ်ခါတုန်းက အတိတ်များဆီသို့ ......... )
မိုးစက်နီ
Saturday, April 7, 2012
မပြီးသေးပါ
မီးမတောက်ခဲ့ပေမယ့်
နွေးထွေးမှုတစ်စုံတရာတော့
ပေးနိုင်ခဲ့ပါတယ် လို့
လျှောက်လဲချက်လည်း မပေးချင်တော့ပါဘူး ။
ငါဟာ
ဆောင်းရာသီနန်းတော်ကြီးမဟုတ်ပေမယ့်
မီးလင်းဖိုတစ်ခုလောက်တော့
အသုံးကျခဲ့ဖူးမှာပါ။
အချစ်ဆိုတာကလည်း
အဆန်းသားလား
မမီနိုင်မှန်းသိခါမှပဲ
ပိုပြီး ချင်ခြင်းတက်လာတာများ
လက်တကမ်းဆီက ဒုက္ခတွေတောင်
အရောင်တွေလက်လို့ ......... ။
ဆွံအနေတာမဟုတ်ပါဘူး
မြိုသိပ်ပါများလွန်းလို့
အကျင့်ပါသွားရတဲ့သူပါ
ပြောမထွက်တဲ့စကားတွေက
တော်လဲသံတွေထက်တောင်
ကျယ်လောင်နေပါတယ်ဟာ ...... ။ ။
Labels:
Burma's Affair,
ကဗျာမဆန်သော ကဗျာများ
Thursday, April 5, 2012
သေတမ်းစာ
တစ်နေ့သောအခါ
ငါသေပါမူ
ဆင်းရောင်နွမ်းပါး
ခါးဝတ်စားနှင့်
ငါ့အားထည့်ထုတ်
ဖျာအစုတ်သာ
အကုန်ကျခံကြပါလေ ...... ။
တစ်နေ့သောအခါ
ငါသေပါမူ
ငါ၌ဥစ္စာ
ရှိခဲ့ပါလျှင်
ရင်ခွင်မဲ့သား
ကလေးများအား
ခွဲဝေလှူဒါန်းပေးပါလေ ...... ။
တစ်နေ့သောအခါ
ငါသေပါမူ
ငိုချင်းသံပြ
မျက်ရည်ကျလျက်
ဝမ်းနည်းဝမ်းသာ
ဘယ်အရာမှ
ခံစားမနေကြပါနှင့် ..... ။
ငါသေပါမူ
ဆင်းရောင်နွမ်းပါး
ခါးဝတ်စားနှင့်
ငါ့အားထည့်ထုတ်
ဖျာအစုတ်သာ
အကုန်ကျခံကြပါလေ ...... ။
တစ်နေ့သောအခါ
ငါသေပါမူ
ငါ၌ဥစ္စာ
ရှိခဲ့ပါလျှင်
ရင်ခွင်မဲ့သား
ကလေးများအား
ခွဲဝေလှူဒါန်းပေးပါလေ ...... ။
တစ်နေ့သောအခါ
ငါသေပါမူ
ငိုချင်းသံပြ
မျက်ရည်ကျလျက်
ဝမ်းနည်းဝမ်းသာ
ဘယ်အရာမှ
ခံစားမနေကြပါနှင့် ..... ။
Subscribe to:
Posts (Atom)