Monday, June 4, 2012

ကလေးဘ၀ အမှတ်တရများ


အဲဒီတုန်းက အသက်က ဘာရှိသေးလို့တုန်း ။ အလွန်ဆုံးရှိလှ (၅)နှစ်ခွဲ၊ (၆)နှစ်ထဲမှာ။
လူတောတိုးရမှာ ကြောက်လွန်းတဲ့ ကျနော့်ကို (၅)နှစ်ကျော်မှ အမေက ကျောင်းပို့ခဲ့တယ်။
ဘယ်ပြောကောင်းမလဲဗျာ။ ကျနော်က လူကြောက် ... လူများများဆိုရင်ကို ကြောက်တာ။

စာသင်ခန်းထဲမှာလည်း အမေရဲ့ ဆရာမကို မျက်နှာလိုမျက်နှာရ ပေးခဲ့တဲ့ ပါတိတ်ထမီကျေးဇူးကြောင့်
ရှေ့ဆုံးတန်းမှာ အခန့်သားထိုင်ရတာကြောင့် နောက်ကို ယောင်လို့တောင်လှည့်မကြည့်ဘဲ
အမည်းရောင် ကျောက်သင်ပုန်းကြီး ကိုပဲ အချိန်ရှိသရွေ့ ကြည့်နေခဲ့မိပါတယ်။
(ဆရာ၊ ဆရာမတွေကသာ ကျောက်သင်ပုန်းလို့ ခေါ်တာပါ။ တကယ်က မြေဖြူအရောင်ကို မနည်းကို ခုခံကာကွယ်ရင်း အသက်ငင်နေတဲ့ ဆေးရောင်မှိန်မှိန် အထပ်သားပြားကြီးတစ်ချပ်ပါ။)
စာသင်ခန်းထဲမှာလည်း အဆင်ပြေတယ်မရှိလှပါဘူး။
အိမ်စာတွေ ပြီး၊ မပြီး စာအုပ်စစ်ရင်လည်း ရှေ့ဆုံးတန်းက စပြီးစစ်တယ်။ စာမေးပြန်တော့လည်း ရှေ့ဆုံးတန်းက စပြီးမေးတယ်။
ကျောင်းသားဘ၀(၁)လလောက်ရှိလာတဲ့အထိ ကျနော့်မှာ ဆရာ/ဆရာမတွေရယ်၊ အရွယ်လွန် သင်ပုန်းအိုကြီးရယ်ကလွဲပြီး ဘယ်သူနဲ့မှ မျက်နှာချင်းမဆိုင်ခဲ့ဖူးဘူး။
တခါတလေကျတော့လည်း သူများတွေရဲ့နောက်ကျောကနေ ထိုင်ကြည့်ချင်စိတ်နဲ့ နောက်ဆုံးခုံကို တောင့်တမိပေမယ့်
" ရှေ့ဆုံးခုံမှာ ထိုင်ရဖို့ဆိုတာ လွယ်တယ်ထင်လို့လား ဟဲ့ " ဆိုတဲ့ အမေ့စကားကို ကြားယောင်ပြီး နေရာမရွှေ့ခဲ့ရပါဘူး။ ကျောင်းဖွင့်တာ (၂)လကျော်လောက်ကြာတော့ ကျနော့်မှာ သူငယ်ချင်း(၂)ယောက်ရှိလာတယ်။ တစ်ယောက်က ကျော်ကျော်၊ နောက်တစ်ယောက်က သားထူး။
ကျော်ကျော့်အဖေက မင်္ဂလာဒုံဈေးမှာ စက်ချုပ်ဆိုင်ဖွင့်ထားတယ်။ ကျနော့်အဖေရဲ့ ယူနီဖောင်းတွေက သူ့ဆိုင်မှာချုပ်တာလို့တော့ ကြားဖူးတယ်။ သားထူးအဖေက စခန်းမှူး။ ကျနော်တို့နေတဲ့ နေရာနဲ့ သိပ်မဝေးတဲ့ စခန်းကလို့ပဲ သိတယ်။ အသေအချာတော့ မမေးမိဘူး။

No comments:

Post a Comment