Wednesday, April 6, 2011
ဘယ်လောက်ဈေးလဲ တော်လှန်ရေး
ဟိန်းဟောက်သံပ
ကြုံးဝါးကြလည်း
တောကြားမြိုင်ချောက်
ပြေးကွယ်ပျောက်သည်
ဘယ်လောက်ဈေးလဲ တော်လှန်ရေး။
ရဲဘော်ကျော်သန်း
Friday, March 25, 2011
မှတ်စု
နွေခေါင်ခေါင်မှာ
အသံမပေးဘာမပေးနဲ့
စစ်ချီတေးတွေနဲ့
လောကထဲရောက်လာတယ် .......
လူမှန်းမသိခင်ကတည်းက
အဖေရဲ့စစ်သားမာန်အောက်မှာ
ကျနော် ...... မကလန်ရဲခဲ့ဘူး ။
အသက်(၆)နှစ်
၈၈ .... မှာ
ကလေးတစ်ယောက်ရဲ့အသိ
ဒီမိုကရေစီမရှိ ......
လူ့အခွင့်အရေးမရှိ ......
ဘာ ...... ခံယူချက်မှလည်းမရှိ
သေနတ်တွေကို
ကြောက်တတ်တာပဲရှိတယ်။
အဲဒီတုန်းက ......
ကျနော့်ခေါင်းက
ခွပ်ဒေါင်းခေါင်းစည်းလေးကို
အဖေဆွဲဖြဲခဲ့တယ်။
အဖေတို့စစ်သားတွေဟာ
အဲဒီလိုပါပဲဗျာ ......
ကျောင်းသားတွေ ..... ပြည်သူတွေ
တနိုင်ငံလုံးရဲ့အသဲကိုခွဲ
တိုင်းပြည်ကို ငရဲထဲဆွဲချတယ်။
အဲဒီတုန်းက
အိပ်ယာခေါင်းရင်းမှာ
ဂျီသရီးကိုကျည်ထိုးပြီး
အမြဲလို .... အဆင်သင့်ထောင်ထားတယ်။
ဘယ်သူတွေက သောင်းကျန်းသူလဲလို့
ကျနော်မေးတတ်ခဲ့ရင်ကောင်းမှာပဲ
အခုတော့ ......
ကျနော်နဲ့ အဖေနဲ့ကြားမှာ
မပြယ်နိုင်တဲ့ မြူတွေဖုံးခဲ့သလို
အစိမ်းရောင်မှန်သမျှ မုန်းတတ်လာတယ်။
Thursday, March 24, 2011
လွဲ
ဘာရယ်ကြောင့်များလဲဟာ
ပင်လယ်ဖြစ်ခဲ့တာတောင်
ကမ်းနဲ့မဆုံခဲ့ရတဲ့ကောင် ......
တောင်ဖြစ်ပါလျက်ကယ်နဲ့
တိမ်တွေကို မနမ်းရှိုက်ခဲ့ရ .....
ဘူတာမဆိုက်ရတဲ့ရထား
ကမ်းမကပ်ရတဲ့လှေ
လျှပ်စစ်နွေထဲမှာမှ
ရွက်နုတွေဝေခဲ့ချင်သူ ......
အရာအားလုံးကိုက
တာမထွက်ခင်ကတည်းက
လမ်းမှားခဲ့တာပါ ။
မေ့လိုက်ပါတော့ဟာ
တိမ်တွေကို မြိုချပြီးပဲ
သက်တန့်တွေ မှုတ်ထုတ်နေတော့မယ်
ကျေးဇူးပြုပြီး .......
စံပယ်ရုံတွေမပွင့်ကြပါနဲ့
ငါတို့ရဲ့မျက်ရည်ချင်း
မြေပေါ်မှာ မဆုံမှာစိုးတယ် ........။ ။
ကျနော်မသိသောမေးခွန်းများ
ဘာကိုမှ
မလိုချင်တတ်တော့ပါဘူး
ပရမတ္တတွေကြားမှာ
အနတ္တတွေကိုအယုတ်ထင်ပြီး
ဆေးစက်ကျရာ
အရုပ်မြင်ချင်ခဲ့တယ်။
ဘာ့အတွက်များ
ငါ ..... လူဖြစ်မှားခဲ့တာလဲ
မီးမမှန်၊ ရေမသန့်
လူမလေး၊ ခွေးမခန့်တိုင်းပြည်မှာ
အဖေနဲ့အမေ၊ နှစ်ဘက်သောအဖိုးအဖွား
ဘာ့ကြောင့်များ ညားရတာလဲဗျာ.......
အာ ......
နားထဲမှာ ထော်လော်
အတော့်ကို မတော်မရော်စကား
ကျနော့်ဖြင့် ခါးလိုက်တာ
" သမိုင်းပေးလို့ ဒို့တပ်မတော်
တာဝန်ယူခဲ့ရတာပါ ..... " ဆိုပဲ
အဲဒီ သမိုင်းဆိုတာ
ဘယ်ကောင်လဲကွ .... ဟေ
မုန်းတယ် ..... သေအောင်ကိုမုန်းတယ်
နင်နဲ့ပတ်သက်သမျှကိုမုန်းတယ်
မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်း
သမိုင်းမှန်သမျှကို မုန်းတယ်
ဘယ်ကောင်လဲကွာ .......
သိလို့ကတော့ .........
( စိတ်နာနာနဲ့ လျှောက်ရေးထားတာပါဗျာ။ )
Subscribe to:
Posts (Atom)