Sunday, March 14, 2010

မှန်တိုင်းမကောင်းဘူးဆို ......

( 19 )ရာစုအတွင်းက မြို့ရွာတွေကိုလှည့်ပြီး တရားဟောတဲ့
ပီတာကာ့တ်ရိုက်တ်ဆိုတဲ့ တရားဟောဆရာတစ်ယောက်ဟာ
လာမယ့်တနင်္ဂနွေနေ့မှာ တရားဟောဖို့ ပြင်ဆင်နေတုန်း
လာမယ့်တနင်္ဂနွေနေ့မှာ အမေရိကန်သမတ အင်ဒရူးဂျက်ခ်ဆင်ကိုယ်တိုင်
တက်ရောက်မှာဖြစ်လို့ သမတကိုမထိခိုက်အောင်ဆင်ခြင်ဖို့
လာပြောပါတယ်။ အဲဒါကြောင့် သူတရားဟောတဲ့အခါ
ဒီနေ့တရားဟောပွဲကို သမတကြီးကိုယ်တိုင်တက်ရောက်မှာမို့
ကျုပ်တရားဟောတဲ့အခါ ဆင်ခြင်ဖို့ လာပြောကြပါတယ်။
ဒါ့ကြောင့် ဒီနေရာမှာကျနော်ပြောချင်တာက
အင်ဒရူးဂျက်ခ်ဆင်ဟာ သူကျူးလွန်ခဲ့တဲ့အပြစ်တွေအတွက်
နောင်တမရဘူးဆိုရင် ငရဲကိုသွားရမယ်ဆိုတာပဲ လို့ထည့်ပြောပါတယ်။
သူတရားဟောပြီးတဲ့အခါ အင်ဒရူးဂျက်ခ်ဆင်က သူ့ဆီကိုလျှောက်သွားပြီး
တကယ်လို့ ကျနော့်မှာ ဆရာတော်လို့ လူမျိုးသာ တပ်ရင်းတစ်ရင်းလောက်ရှိရင်
တစ်လောကလုံးကို သိမ်းယူနိုင်မှာပဲ လို့ လေးလေးစားစားပြောလိုက်ပါသတဲ့။
ရဲဝံ့ပြတ်သားစွာပြောဆိုတတ်တာဟာ ရံဖန်ရံခါမှာ
မိမိထင်မှတ်မထားတဲ့ရလဒ်တွေရရှိတတ်ပါတယ်။
( The 21 Indispensable Qualities of A Leader
By JOHN C. MAXWELL )

Friday, March 12, 2010

ထာဝရအတူ



မဖြစ်နိုင်လို့ပါ .........
မခွဲပါရစေနဲ့ ..........
မင်းမရှိတဲ့အရပ်မှာ
အောက်စီဂျင်ပြတ်တာထက်
ငါ့အတွက် နေရခက်တယ်။
မင်းမရှိတဲ့အရပ်မှာ ........
တစ်နေကုန်တနေခန်း
အတူလျှောက်ခဲ့တဲ့လမ်းတွေ
ဘယ်မျက်နှာနဲ့ငါဖြတ်လျှောက်ရမလဲ။
တစ်ယောက်တည်းလဲမနေချင်ဘူး
နှစ်ယောက်လည်းမဖြစ်ချင်ဘူး
မင်းရှိမှငါတို့ဘ၀ ........
တင်းပြည့်ကျပ်ပြည့်လှလို့
ပြန်ဆုံကြစို့နော် ........။
( ကျနော်နှင့် ခင်မင်ဖူးသော၊ ရန်ဖြစ်ဖူးသောသူငယ်ချင်းအားလုံးသို့ )A true friend is one soul in two bodies. Aristotle

မွန်းကြပ်ခြင်း


မိုးပျံတံတားတွေ..
မိုးပျံတိုက်တွေနဲ့.
ခေတ်မီတာတွေ..
သြော်.. ဒါကို မြို့ပြတဲ့..။
သွားချင်တိုင်းသွား..
လာချင်တိုင်းလာ..
စားချင်တိုင်းစား.
လုပ်ချင်တိုင်းလုပ်..
ဒီလိုနေရာဟာ မြို့ပြတဲ့..။
လုပ်နိုင်တာချင်းတူတယ်..
အခွင့်အရေးတွေကွဲတော့
သူလိုငါလို နင်လားငါလား
မနေနိုင်ကြတာ..
မြို့ပြတဲ့..။
ငယ်ပေါင်းကြီးဖော်တွေ
တစ်မြေခြားမှာတွေ့ရတော့
ဝမ်းသာမိတယ်..
ဒါပေမယ့် တစ်ခါတလေ
မသိချင်ယောင်ဆောင်သွားကြတာ
မြို့ပြတဲ့..။
သူငယ်ချင်းရယ်..
ဟိုး...အရင်တုန်းက
ချွေးနံ့တဟောင်ဟောင်နဲ့
ပခုံးချင်းဖက်..
လျှောက်လည်ခဲ့တဲ့
တို့နေ့ရက်ဟောင်းလေးတွေကို
ပြန်လိုချင်လိုက်တာကွာ..
ဟိုအရင်အတိတ်က..
မရှိအတူ.. ရှိအတူမို့
မင်းနဲ့ငါအားလုံးတူခဲ့တယ်..
ဒီမြို့ပြရောက်မှ..
မင်းနဲ့ငါသူစိမ်းတွေလိုနော်..
စဉ်းစားတိုင်းရင်နာတယ်ကွာ..
ရက်စက်သူ..
မြို့ပြရယ်..
မြကြည်

Wednesday, March 10, 2010

ရင်ကွဲဆောင်း


ရင်တစ်ခုလုံးသွန်ချလိုက်တာတောင်
မျက်ရည်ကျစရာမရှိတော့ဘူး ....... ။
သူမရဲ့အမုန်းတွေအောက်မှာ
အငွေ့ပျံစိတ်ကူးတွေ
ပြာကျခဲ့အတိတ်တွေနဲ့
ငါ.... အနီပြခံလိုက်ရပြီ ...... ။
ရင်ကွဲပက်လက်နဲ့
ကြယ်တွေကိုမော့ကြည့်တဲ့အခါ
သူမရဲ့ပုံရိပ်တွေပဲ
အာကာယံမှာပြည့်လို့ ......
အတိတ်ကိုပြန်တွေးမိတိုင်း
ဝေဒနာဓားပါးတစ်လက်က
ရင်အနှံ့ကောက်ကြောင်းတွေရေးခြစ်
နှလုံးသားရဲ့အယူခံစကားတွေလည်း
မြောက်ပြန်လေထဲမှာ .......
အပ်ကြောင်းတွေထပ်ခဲ့ပြီ .......။
လူခြေတိတ်ချိန်တစ်ညမှာ
အသည်းနှလုံးကိုဆွဲထုတ် .......
သူမရဲ့ရင်ထဲမှာ
တိတ်တိတ်လေးမြေမြှုပ်လိုက်တယ်။
မှတ်မှတ်ရရပါပဲ
ဘ၀ရဲ့ဈာပနမှာ
နှင်းမိုးတွေအောက်ထဲ
ချယ်ရီပွင့်တွေငိုပွဲဆင်ခဲ့ကြတယ် ......။ ။

အသင့်ဖြစ်ပြီလား


လောကမှာ ကျိန်းသေရောက်လာမည့်အရာ(၃)ခု ရှိတယ်။

သေခြင်းတရားရယ်၊ အခွန်အခရယ်၊ အပြောင်းအလဲရယ်ပဲ။

ကိုယ့်ဆီရောက်လာမယ့်အရာကို လက်သင့်ခံအောင်
အဆင်သင့်ပြင်ထားနိုင်ပြီဆိုရင်
ဘယ်တော့မှ တုန်လှုပ်တတ်မှာ မဟုတ်တော့ဘူး။

ဘယ်လိုလဲ မိတ်ဆွေ....အသင့်ဖြစ်ပြီလား ။
အသင့်မဖြစ်သေးဘူးဆိုရင် အချိန်ရှိတုန်းပြင်ဆင်ထားရအောင်။

Tuesday, March 9, 2010

အယူခံ


လေပြည်အလာ 
ကေသာလွန့်လူး 
အဲဒါတွေကိုပဲခြင်ဆီခိုက်အောင်ရူးခဲ့.......မမုန်းလိုက်ပါနဲ့နွေနှစ်ရာသီစာကြွေစရာ.......ရင်မှာမရှိလို့ပါ ။         ။ 

( မှတ်ချက်။ နှလုံးသားအပိုမရှိပါသဖြင့် ကြွေအောင်မပြုစားပါနှင့်။ ပုံ/ မိုးစက်နီ)

ရွေးကောက်ပွဲတဲ့ .... ဟေး ဟေး


မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲဥပဒေတော့ထွက်လာပါပြီ။
မိုးစက်နီကတော့ နိုင်ငံရေးနဲ့ပတ်သက်လာရင် ဒုံးဝေးလွန်းလို့
ပရိသတ်ပဲလုပ်တော့မယ်လို့ စိတ်ကူးထားမိတယ်။
ရွေးကောက်ပွဲဆိုတာ ဘာလိုဟာမျိုးကြီးလဲဆိုတာတောင်
ကောင်းကောင်းမသိလေတော့ ကိုယ့်ပါးစပ်ကိုယ်ပိတ်ပြီး မင်သေသေနဲ့
နိုင်ငံရေးဂုရုဂိုက်ဖမ်းပြီးပဲ ဘေးထိုင်၊ ဘိုင်ကျ၊ ဘုပြောရင်ကောင်းမလားလို့။
တကယ်ပြောပါ ..... မြန်မာပြည်မှာက ရွေးကောက်တာတို့၊ အများသဘောနဲ့ဆုံးဖြတ်တာတို့က
ပပျောက်သွားတာကြာပြီဆိုတော့ မိုးစက်နီပြေးမြင်ယောင်မိတဲ့ ရွေးကောက်ပွဲက
ဇကောတွေ၊ ဇကာတွေနဲ့ ရွာအလှူတွေမှာ စပါးလုံးဝိုင်းရွေးကြတာမျိုးလို့ပဲ ထင်မိပါတယ်ဗျာ။
အဲဒီလိုသာဆိုရင်တော့ ၀င်ပြီးအရွေးခံကြမယ့်ပါတီတွေထဲက ဘယ်သူတွေဆန်စေ့အဖြစ်တင်ကျန်ရစ်ပြီး
ဘယ်သူတွေကတော့ စပါးလုံးဘ၀နဲ့ အဖယ်ခံရ၊ ကြက်ကျွေးခံရမလဲဆိုတာ စိတ်ဝင်စားစရာပဲ။
ရွာဆော်ငပွကြီးမဲလုံးကတော့ ဇကောပေါက်ကျဲကျဲကြီးကိုင်လို့ ပြုံးဖြီးဖြီးနဲ့ စောင့်နေလေရဲ့ .......
ရွေးကောက်ပွဲဝင်ပါတီတွေခမျာ မဲလုံးရဲ့ ဇကောထဲမှာ ချာလည်ပတ်လည်ရမ်းပြီး ဘေးရောက်မှာတော့
ကျနော်မိုးစက်နီက မြင်ယောင်မိပါကြောင်း ........ ။

ပေးမျှပါ

တစ်ခါတုန်းက လူတစ်ယောက်ဟာ ခရီးသွားရင်းဓားပြတိုက်ခံရတယ်။
ဓားပြတွေက ခရီးသည်ဆီမှာပါလာသမျှကို လုယူသွားကြတဲ့အပြင်
လူကိုပါ မသေရုံတမယ်ရိုက်နှက်သွားကြလို့
ခရီးသည်ခမျာ လမ်းပေါ်မှာပဲမေ့မျောပြီးလဲနေတယ်လေ။
အဲဒီခရီးသည် သတိလစ်ပြီးလဲနေတဲ့နေရာကို
ဘာသာရေးခေါင်းဆောင်(၂)ပါးက ရှေ့ဆင့်နောက်ဆင့် ဖြတ်သွားကြပေမယ့် ဘယ်သူကမှအရေးမစိုက်ကြဘူး။ တကယ်ဆို ဘာသာရေးခေါင်းဆောင်ကြီး(၂)ယောက်ကမမြင်လို့မဟုတ်ဘူးနော်။
မြင်မြင်ကြီးနဲ့ကို အမှုပတ်မှာစိုးလို့ တမင်ရှောင်သွားကြတာ။
အဲဒီအချိန်မှာပဲ ခရီးသည်လဲနေတဲ့လမ်းအတိုင်း ရှမာရိလူတစ်ယောက်ဟာ မြင်းစီးလာရင်း
ဒဏ်ရာတွေနဲ့ မေ့မျောနေတဲ့ခရီးသည်ကို တွေ့သွားပြီး ..... ..... ......
ဒဏ်ရာတွေကိုဆေးထည့်၊ ပတ်တီးစည်းပေးပြီးတဲ့နောက်
သူစီးလာတဲ့မြင်းပေါ်တင်ပြီး တည်းခိုခန်းတစ်ခုမှာ ငွေပေးပြီးအပ်ထားခဲ့လိုက်တယ်။
ဒီအဖြစ်အပျက်လေးကနေ ကျနော်တို့အနေနဲ့
လူ(၃)မျိုးရဲ့ခံယူချက်(၃)မျိုးကိုတွေ့မြင်ရမှာဖြစ်ပါတယ်။
(၁) ဓားပြ ( သူတစ်ပါးထံမှရယူလိုသောသူ/ လောဘသမား )
(၂) ဘာသာရေးခေါင်းဆောင်နှစ်ဦး ( မိမိအကျိုးကိုသာကြည့်သောသူ/ ကိုယ်ချင်းစာစိတ်ကင်းမဲ့သူ )
(၃) ရှမာရိလူ ( သူတစ်ပါးအတွက်ပေးမျှတတ်သူ/ ပရဟိတသမား )
ကျနော်တို့ရဲ့ဘ၀မှာ ဓားပြတွေလို သူတစ်ပါးပိုင်တဲ့အရာတွေကို ငါနဲ့ဆိုင်တယ်၊ ငါပိုင်တယ်လုပ်ချင်နေလား။
ဘာသာရေးခေါင်းဆောင်(၂)ယောက်လို ကိုယ့်ဘက်ပဲကိုယ်ကြည့်ပြီး ငါဗဟိုပြုသမားဖြစ်နေသလား။
ရှမာရိလူလို ကိုယ့်မှာရှိတဲ့အရာကို သူတစ်ပါးအတွက်
လိုအပ်ရင်လိုအပ်သလို ပေးမျှနိုင်တဲ့သူမျိုးလားဆိုတာဆန်းစစ်ကြည့်ပြီး
ကိုယ်နဲ့စပ်ဆိုင်တဲ့သူတွေအတွက် ပေးမျှနိုင်သောသူဖြစ်အောင်
ခံယူချက်လေးတွေပြင်ကြရအောင်လို့ အကြံပြုလိုက်ရပါတယ်........။ ။
( ရှင်လုကာခရစ်ဝင် ၁၀း၃၀-၃၇ )

Monday, March 8, 2010

မေးခွန်းများရဲ့အဖြေ



ဒီနေ့တော့ စိတ်ထဲမှာတစ်မျိုးပဲ။
အလုပ်မှာအဆင်ပြေပါ့မလားမသိဘူး ။
အို... လမ်းသွားရတာစနိုးစနောင့်နဲ့ ခဏခဏခလုတ်တိုက်နေပါလား ။
တစ်ယောက်ယောက်နဲ့တော့ စကားများရဦးမယ်ထင်တယ် ။
ဟာ.... အရေးထဲမှ ဖိနပ်ကပျက်ပြန်ပြီ ။
ဒီနေ့ဘာဖြစ်နေတာပါလိမ့် ။
အဲဒီလိုမျိုး ကပေါက်တိကပေါက်ချာနေ့မျိုးကို မိတ်ဆွေကြုံဖူးပါသလား ။
မကြာခဏမဟုတ်ရင်တောင် တစ်ခါတလေတော့ကြုံဖူးကြမယ်ထင်ပါတယ် ။
တကယ်တော့ လူ့ဘ၀ဆိုတာ မိတ်ဆွေအတွက် အကောင်းတွေရော၊ အဆိုးတွေကိုပါ
ရှာကြံပြီး ဆက်သနေရတဲ့ ဇာတ်ခုံတစ်ခုပါ။
မိတ်ဆွေဟာကြိုးစားပါလျက်နဲ့ ကျရှုံးကောင်းကျရှုံးနေမယ် ။
သတိထားပါလျက်နဲ့ အဆင်မပြေမှုတွေနဲ့ပဲ ရင်ဆိုင်ကောင်းရင်ဆိုင်နေရမယ် ။
ဒါမှမဟုတ် လူတွေနဲ့ အဆင်မပြေဖြစ်ရင်ဖြစ်နေမယ် ။
အဲဒီလို အဆင်မပြေမှုတွေ၊ ကျရှုံးမှုတွေကြောင့်
မိတ်ဆွေဆီမှာ သို့လော၊ သို့လောမေးခွန်းတွေထွက်ပေါ်လာပါလိမ့်မယ် ။
အခုကျနော်ပြောတဲ့ အခြေအနေကိုမိတ်ဆွေကြုံဖူးခဲ့မယ်ဆိုရင်
ဘယ်လောက်ခံစားရခက်တယ်ဆိုတာ သိပြီးသားဖြစ်နေမှာပါ ။
အဲဒီလိုအဖြစ်မျိုးတွေ နောက်တစ်ကြိမ်ကြုံလာရင်ပဲဖြစ်ဖြစ်၊
တစ်ခြားတစ်ယောက်ကြုံလာရင်ပဲဖြစ်ဖြစ်
အမြန်ဆုံးကုစားနိုင်မယ့်နည်းကို ကျနော်အကြံပြုပါရစေ ။
" ဘာပဲဖြစ်ဖြစ်စိတ်မညစ်နဲ့
စိတ်ညစ်တဲ့အခါ အိပ်ပစ်ပါ....။ "

အချစ်ဆိုသည်မှာ



အထီးကျန်အိပ်မက်ကနေ
နိုးထလာတဲ့အရုဏ်ဦးမှာပေါ့
ငါ့နံနက်ခင်းရဲ့အလင်းရောင်လေးကို
အပြုံးတစ်ပွင့်နဲ့တွေ့လိုက်ရတယ် ။
အချစ်ဆိုတာ....ဒါလားလို့
ဘုရားသခင်ကိုမေးတော့
ဘာမှမဖြေဘဲပြုံးတော်မူတယ် ။
အချစ်ဆိုတာဘာလဲ .......
ပေးဆပ်ခြင်းလား
ရယူခြင်းလား
ေ၀၀ါးလို့နေရင်း
ကိုယ့်ရင်ဘတ်ကိုငုံ့ကြည့်တော့
နံရိုးတစ်ချောင်းမရှိတော့ဘူး
အဲဒီလစ်ဟာမှုတစ်ခုနဲ့
နားလည်သိတတ်လာခဲ့......
အချစ်ဆိုတာ ဒါပါပဲ ........။ ။

ရေစိုမိုး









နဂိုကတည်းက
စနေမိုးပါဆိုမှပဲ
ဟောဒီ.... မျက်လုံးနှစ်ဘက်ထဲ
အလွမ်းတွေက
ငွေ့ရည်လာဖွဲ့ကြသေးတယ်......
မငိုဘူး ...... မငိုဘူးနဲ့
ငါ့ပါးတွေနှစ်ခါပြန်စိုခဲ့ရပေါ့ ။         ။

 

Sunday, March 7, 2010

အလွမ်းရင်နင့် ပန်းလိုပွင့်


မသွားနဲ့လေ တားချင်ပေမယ့်
ပြောခွင့်မရှိ မချိရင်နာ
ဖြေရာမရ လွမ်းဘ၀မှာ
တမ်းတမျက်ရည် ပင်လယ်ဝေပြီး
အထီးကျန်လည်း ချစ်နေဆဲပါ ။

ညအိပ်မပျော် မေ့ချင်သော်လည်း
အတိတ်ပုံရိပ် လွမ်းမိစိတ်ကြောင့်
သူမပေးခဲ့ ရင်ခုန်ရက်တို့
ကြေကွဲပျက်သုဉ်း ဇာတ်လမ်းဆုံးမှာ
အလွမ်းရင်နင့်.......... ပန်းလိုပွင့် ။       ။



( ချစ်ရမှာကြောက်တတ်သူကိုမှ ကြောက်တတ်အောင်ချစ်ပြသွားသူသို့ ......... )

Saturday, March 6, 2010

နှလုံးသားကျန်းမာရေး


နှလုံးသားကျန်းမာရေးဆိုလို့ Heart Attack တွေ၊ ECGတွေလားလို့မထင်လိုက်ပါနဲ့။
လူဆိုတာ ကိုယ်၊ စိတ်၊ နှလုံး(၃)ပါးနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်လို့
ဒီနေ့ လောကမှာမရှိသေးတဲ့ နှလုံးသားကျန်းမာရေးအကြောင်းပြောပြချင်ပါတယ်။
ကိုယ်ကျန်းမာရေးဆေးရုံတွေ၊ စိတ်ကျန်းမာရေးဆေးရုံတွေဗွက်ပေါက်အောင်ပေါများနေတဲ့ခေတ်ကြီးမှာ
နှလုံးသားကျန်းမာရေးနဲ့ပတ်သက်လို့ ဘယ်သူကမှအရေးတယူမရှိတာကြောင့် ကျနော်မျိုးကပဲ
ရှေ့ဆောင်(ရုပ်ရှင်ရုံမဟုတ်ပါ)လမ်းပြအနေနဲ့ ကုထုံးသစ်တစ်ရပ်ကိုတင်ပြလိုက်ရပါတယ်။
ကျမ်းစာမှာတော့ ...... နှလုံးဟာ အသက်ရဲ့အခြေအမြစ်ဖြစ်တာကြောင့်
နှလုံးကိုအထူးသဖြင့်စောင့်ရှောက်ဖို့ ဖော်ပြထားပါတယ်။
ကျနော်တို့ရဲ့ နှလုံးသားတွေကို ဘယ်လိုစောင့်ရှောက်ကြမှာလဲ။
မကောင်းတဲ့အကြံအစည်၊ အတွေးအခေါ်တွေ၊ မနာလိုမုန်းတီးစိတ်တွေကြောင့် ယိုယွင်းပျက်စီးနေတဲ့
ကျနော်တို့နှလုံးသားရဲ့ကျန်းမာရေးကို ဘယ်လိုပြန်လည်ကုစားကြမှာလဲဆိုတာ
တကယ့်ကိုအဖြေခက်တဲ့မေးခွန်းတစ်ခုပါ။
အဲဒီမေးခွန်းကို ကျနော်အဖြေပေးပါ့မယ်.....
(၁) အရာရာအပေါ်အကောင်းမြင်နိုင်အောင်ကြိုးစားပါ။
(၂) မောင်ပေါ်ထွန်းဘာသာပြန်ထားတဲ့ မေတ္တာရှင်မလေးပေါ်လီယာနာကိုအကြိမ်ကြိမ်ဖတ်ပေးပါ။
(၃) ယေရှုကိုလေ့လာပါ။ ခင်မင်အောင်ကြိုးစားပါ။
(၄) ခွင့်လွှတ်တတ်အောင်ကြိုးစားပါ။ အဲဒါထက်ပိုပြီး မေ့ပျောက်နိုင်အောင်ကြိုးစားပါ။
(၅) သူတစ်ပါးအပေါ်နားလည်ပေးနိုင်အောင်ကြိုးစားပါ။
(၆) လူတွေကိုကူညီပါ။
(၇) သစ်ပင်၊ ပန်းပင်လေးတွေစိုက်ပါ။
ဒီအချက်တွေကို လိုက်နာလုပ်ဆောင်ကြည့်မယ်ဆိုရင် မိတ်ဆွေရဲ့နှလုံးသားဟာ
တစစနဲ့ ဒေါင်ဒေါင်မြည်ကျန်းမာလာပါလိမ့်မယ်လို့ ကျနော်အာမခံပါတယ်။

စစ်နှင့်ငြိမ်းချမ်းရေး


စစ်ဆိုတာ ဘယ်တုန်းကများကောင်းခဲ့ဖူးလို့လဲ။
တစ်ချို့က ကျူးကျော်စစ်၊ တချို့က ခုခံစစ်၊ မတရားသောစစ်၊ တရားသောစစ်....... ဘယ်လိုစစ်ပဲဖြစ်ဖြစ်
ရလဒ်ကတော့ သေကြေကျိုးကန်းတာနဲ့၊ မျက်ရည်တွေ၊ ငိုသံတွေပဲမဟုတ်လား။
စစ်ဆိုတာ ကလေးငယ်တွေရဲ့ အနာဂတ်ကိုတလင်းလုပ်ပြီးတိုက်ကြတာဖြစ်တယ်။
အနာဂတ်ရဲ့စိမ်းလန်းခြင်းတွေကို မီးလောင်တိုက်သွင်းလိုက်တာဖြစ်တယ်။
ကလေးငယ်ပေါင်းများစွာတို့ရဲ့ မနက်ဖြန်တွေကို ကြိုးပေးသတ်ပစ်တာဖြစ်တယ်။
အမေအိုတွေရဲ့ သားပျိုတွေကို ကားစင်တင်သတ်တာဖြစ်တယ်။
စစ်ကြောင့် ကျနော်တို့နမ်းရှိုက်ရတဲ့ပန်းပွင့်တွေမှာ သွေးညှီနံ့တွေစွန်းထင်းခဲ့ရတာဖြစ်တယ်။
စစ်ကြောင့် ကျနော်တို့ရဲ့ သမိုင်းကြောင်းမှာ ယင်တလောင်းလောင်း၊ ပြာတထောင်းထောင်းနဲ့
ငတ်မွတ်မွဲတေခဲ့ရတာကလွဲလို့ ဘာများအကျိုးရှိခဲ့ဖူးလဲ။
ဒါတောင် စစ်လက်နက်တွေတိုးချဲ့ရတာနဲ့ အနုမြူတွေစမ်းသပ်ရတာနဲ့
တိုင်းပြည်ရဲ့အနာဂတ်ကို ဘာကြောင့်များမုဒိမ်းကျင့်ဖို့ကြံစည်နေကြတာလဲ ဗိုလ်ချုပ်ကြီးတို့ရယ်.......။
ငြိမ်းချမ်းရေးဆိုတာ အကောင်းစားတိုက်လေယာဉ်တွေနဲ့ တည်ဆောက်လို့မရမှန်း ခင်ဗျားတို့သိရက်နဲ့
ဘာကြောင့်များ မိုက်လုံးကြီးနေကြတာလဲဗျာ ။
ကျနော်တို့တောင့်တတဲ့ငြိမ်းချမ်းရေးက တိုင်းရင်းသားလုမျိုးစုတွေအတွက် အာမခံချက်ပါ။
" ကွဲတဲ့ဗုံးတွေက စစ်မှစစ်၊ ခွဲတဲ့ကောင်တွေကလည်း ရဲမှရဲ " ဆိုတာမျိုးတွေ
အပြီးတိုင်ပပျောက်သွားမယ့် စစ်မှန်တဲ့ အေးချမ်းမှုပါ။
အဲဒီအေးချမ်းမှုဟာ ခင်ဗျားတို့ရဲ့ ဆင်ခြင်မှုနဲ့ ဖြောင့်မတ်မှန်ကန်မှုအပေါ်မှာပဲမူတည်တာပါ။
တိုင်းပြည်နဲ့လူမျိုးအတွက် တကယ်ပဲစေတနာစိတ်ထားတယ်ဆိုရင်
စစ်နဲ့ပတ်သက်နေသရွေ့တော့ မုသားပဲဖြစ်နေမှာပါ။

မိုးစက်နီပြောသောမိုးစက်နီအကြောင်း


မိုးစက်နီဆိုတဲ့ကောင်က ဘာအရည်အချင်းမှသာမရှိတာ
အနိမ့်ဆုံးအဆင့် ၀န်ကြီးချုပ်လောက်တော့ဖြစ်ချင်သေးတယ်။
( မှတ်ချက်။ ။ စစ်အစိုးရလက်ထက်တွင်မှ မဖြစ်ပါကဘယ်တော့မှဖြစ်မည်မဟုတ်တော့မှန်းသိပါသည်။ )
အရင်းအနှီးမရှိပေမယ့် သန်းကြွယ်သူဌေးဖြစ်ချင်သေးတယ်။
( မှတ်ချက်။ ။ စစ်အစိုးရမှ ဗိုလ်ချုပ်ကြီးများနှင့် အမျိုးမတော်သဖြင့် ဒီဘ၀တော့မဖြစ်နိုင်တော့ပါ။ )
ဦးနှောက်ကသာကျပ်မပြည့်တာ ကျောင်းကောင်းကောင်းတွေတက်ချင်သေးတယ်။
( မှတ်ချက်။ ။ မေကြိုင့်သမီးတောင် UFLတက်သေးတာပဲ၊ ဒီဘ၀မှာမျှော်လင့်ချက်ရှိပါသေးတယ်။ )
လူကသာဘာမှမဟုတ်တာ လက်ထဲကို လက်နက်တစ်ခုရောက်လာရင်ရမ်းရဲ၊ မိုက်ရဲတယ်။
( မှတ်ချက်။ ။ ကြံ့ဖွံ့ဟုမထင်ပါနှင့်။ လူစိတ်ရှိနေသေးသည်ဆိုကာ အသင်းကြီးမှအဖွဲ့ဝင်အဖြစ်လက်မခံပါ။ )

ရင်ကွဲပက်လက်... စက်တင်ဘာ


ခွာသံဖြောင်းဖြောင်း
ရင်ဟောင်းလောင်းနဲ့
ထုတ်ချင်းအောင်မှောင်တဲ့ .... လ
ဘယ်လိုပဲ ချွေးသိပ် ... ချွေးသိပ်
အခုထက်ထိ .....
သွေးမတိတ်သေးဘူး ။        ။