Saturday, March 6, 2010

စစ်နှင့်ငြိမ်းချမ်းရေး


စစ်ဆိုတာ ဘယ်တုန်းကများကောင်းခဲ့ဖူးလို့လဲ။
တစ်ချို့က ကျူးကျော်စစ်၊ တချို့က ခုခံစစ်၊ မတရားသောစစ်၊ တရားသောစစ်....... ဘယ်လိုစစ်ပဲဖြစ်ဖြစ်
ရလဒ်ကတော့ သေကြေကျိုးကန်းတာနဲ့၊ မျက်ရည်တွေ၊ ငိုသံတွေပဲမဟုတ်လား။
စစ်ဆိုတာ ကလေးငယ်တွေရဲ့ အနာဂတ်ကိုတလင်းလုပ်ပြီးတိုက်ကြတာဖြစ်တယ်။
အနာဂတ်ရဲ့စိမ်းလန်းခြင်းတွေကို မီးလောင်တိုက်သွင်းလိုက်တာဖြစ်တယ်။
ကလေးငယ်ပေါင်းများစွာတို့ရဲ့ မနက်ဖြန်တွေကို ကြိုးပေးသတ်ပစ်တာဖြစ်တယ်။
အမေအိုတွေရဲ့ သားပျိုတွေကို ကားစင်တင်သတ်တာဖြစ်တယ်။
စစ်ကြောင့် ကျနော်တို့နမ်းရှိုက်ရတဲ့ပန်းပွင့်တွေမှာ သွေးညှီနံ့တွေစွန်းထင်းခဲ့ရတာဖြစ်တယ်။
စစ်ကြောင့် ကျနော်တို့ရဲ့ သမိုင်းကြောင်းမှာ ယင်တလောင်းလောင်း၊ ပြာတထောင်းထောင်းနဲ့
ငတ်မွတ်မွဲတေခဲ့ရတာကလွဲလို့ ဘာများအကျိုးရှိခဲ့ဖူးလဲ။
ဒါတောင် စစ်လက်နက်တွေတိုးချဲ့ရတာနဲ့ အနုမြူတွေစမ်းသပ်ရတာနဲ့
တိုင်းပြည်ရဲ့အနာဂတ်ကို ဘာကြောင့်များမုဒိမ်းကျင့်ဖို့ကြံစည်နေကြတာလဲ ဗိုလ်ချုပ်ကြီးတို့ရယ်.......။
ငြိမ်းချမ်းရေးဆိုတာ အကောင်းစားတိုက်လေယာဉ်တွေနဲ့ တည်ဆောက်လို့မရမှန်း ခင်ဗျားတို့သိရက်နဲ့
ဘာကြောင့်များ မိုက်လုံးကြီးနေကြတာလဲဗျာ ။
ကျနော်တို့တောင့်တတဲ့ငြိမ်းချမ်းရေးက တိုင်းရင်းသားလုမျိုးစုတွေအတွက် အာမခံချက်ပါ။
" ကွဲတဲ့ဗုံးတွေက စစ်မှစစ်၊ ခွဲတဲ့ကောင်တွေကလည်း ရဲမှရဲ " ဆိုတာမျိုးတွေ
အပြီးတိုင်ပပျောက်သွားမယ့် စစ်မှန်တဲ့ အေးချမ်းမှုပါ။
အဲဒီအေးချမ်းမှုဟာ ခင်ဗျားတို့ရဲ့ ဆင်ခြင်မှုနဲ့ ဖြောင့်မတ်မှန်ကန်မှုအပေါ်မှာပဲမူတည်တာပါ။
တိုင်းပြည်နဲ့လူမျိုးအတွက် တကယ်ပဲစေတနာစိတ်ထားတယ်ဆိုရင်
စစ်နဲ့ပတ်သက်နေသရွေ့တော့ မုသားပဲဖြစ်နေမှာပါ။

No comments:

Post a Comment