Tuesday, May 8, 2012

ကျနော်နှင့် မဖြစ်ညစ်ကျယ်စိတ်ကူးများ


အချစ်
တကယ်တော့ အချစ်ဆိုတာ ပြဋ္ဌာန်းချက်မဲ့တဲ့ ဥပဒေသတွေနဲ့ ကစားရတဲ့ ပြိုင်ပွဲတစ်ခုပါပဲ ။
တခါတလေကျတော့ ခင်ဗျားသိပ်ကောင်းပေမယ့် ပွဲကထွက်ရတယ် ။
တခါတလေကျတော့လည်း  ခင်ဗျားကိုယ်ခင်ဗျား မကြေနပ်နိုင်လောက်အောင် ညံ့ဖျင်းတယ်လို့ သတ်မှတ်မိတာတောင်မှ အကောင်းဆုံးလို့ အနိုင်ပေးခံရရင် ခံရတတ်တယ် ။

ဘဝ
ဘ၀ဆိုတာ ဘယ်လိုအရောင်တွေနဲ့ စပ်ဟပ်ထားတဲ့ပန်းချီကားပါလဲ ။
ဗန်ဂိုးကတော့ ဘ၀ခါးတွေကို စုတ်ချက်တင်ရင်း အပြာရောင်ခေတ်ကို တည်ထောင်ခဲ့တယ် ။
အရောင်မွဲတွေ ... အရောင်မှိုင်းတွေဆီမှာ သူမတူတဲ့ ခမ်းနားလျှို့ဝှက်မှုတွေရှိတယ် ။

လူနှင့်အလုပ်
မိုးရွာလို့တဲ့ .... အဲဒီနေ့က ကျနော်နဲ့ချိန်းထားတဲ့သူ ရောက်မလာခဲ့ဘူး။
မိုးက သူ့အလုပ်သူလုပ်တာတောင် ကျနော်တို့က ကိုယ့်အလုပ်ကိုယ်မလုပ်ကြဘူး ။
လူတွေဟာ သဘာဝတရားရဲ့သက်မဲ့တွေလောက်တောင် အလုပ်အပေါ်သစ္စာမရှိကြပါလားနော် ။

လူနှင့်လိပ်ပြာလုံစိတ်
ရေလိုက်ငါးလိုက်အသက်ရှင်ရင်း နားလည်မှုတွေ၊ အပေးအယူတွေနဲ့ 
မိုးခါးရေအတူ သောက်နေကြရသူတွေ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် 
ချီးမွမ်းခန်းဖွင့်ကြတဲ့ နှုတ်ခမ်းတွေနဲ့ နမ်းတာကို ခံရတာထက် 
သူတို့ တံတွေးကွက်မှာ ပက်လက်မျှောလိုက်ရတာကို ပိုပြီး လိပ်ပြာသန့်တယ် ။ 

စိတ်အချဉ်ပေါက်ခြင်း
စိတ်နာတယ်လို့ တချို့က ပြောကြတယ်။ ကျနော်ကတော့ လူတွေကို စိတ်မနာတတ်ပါဘူး။
စိတ်ပဲ ကုန်တတ်တယ်။ အဲဒီလို စိတ်ကုန်သွားတဲ့နောက် အဲဒီလူနဲ့ပတ်သက်ရင် ဘာခံစားချက်မှကို မရှိတော့ဘူး။ အားလုံး ကုန်သွားပြီ ။ 

လူရာဝင်ခြင်း
တချို့ကပြောကြပါတယ်။ 
ပညာတတ်မှ လူရာဝင်မယ်၊ ငွေရှိမှ လူရာဝင်မယ်၊ ဂုဏ်ရှိမှ လူရာဝင်တယ် .... တဲ့။
ဘ၀မှာ လူရာဝင်တယ်၊ မ၀င်ဘူးဆိုတာ အဲဒီအရာတွေနဲ့ မဆိုင်ဘဲ
လူတွေကို ခင်ဗျားဘယ်လိုမြင်တယ်၊ ဘယ်လိုဆက်ဆံတတ်တယ်ဆိုတဲ့အချက်က 
ခင်ဗျားကို လူရာဝင်တယ်၊ မ၀င်ဘူးဆုံးဖြတ်ပေးလိမ့်မယ်။ 
လူကို လူလို မြင်ရင် ခင်ဗျား လူရာဝင်ပါလိမ့်မယ်။
လူကို လူလို မမြင်ရင် ခင်ဗျား လူရာမ၀င်ဘူးပေါ့။


No comments:

Post a Comment