Friday, May 18, 2012
ကြယ်ချွေမိုး
တစ်ခါတုန်းဆီက
သူမ ... နင်းလျှောက်ဖို့လမ်းများကို
ကြယ်တွေချွေချ ... ခင်းပေးဖို့
နာကျင်ခြင်းငြမ်းတို့ဖြင့်
ကောင်းကင်သို့ ငါတက်ခဲ့ဖူးသည် ။
သူမဘ၀၌
အကာအကွယ်မဲ့သောအခါ
ကဗျာရေးသောလက်
ပန်းပျိုးသောလက်တို့ဖြင့်
ကောင်းကင်တစ်ခုကို
ယက်လုပ်ပေးခဲ့ဖူးသည် ။
ကျနော့်အား အဖြစ်မရှိသူဟု
သူမ၏ပြဋ္ဌာန်းချက်တွင်
သတ်မှတ်ထားခဲ့သော်လည်း
(သူမအတွက် ...... )
လူတကာတို့မဖြစ်နိုင်သောအရာများစွာကို
သူမခြေရင်း၌
ကျနော်ပုံအပ်ပေးခဲ့ဖူးသည် ။
နောက်ဆုံး၌
သူမလျှောက်မည့်လမ်း၏ဆူးခလုတ်တို့အား
ကြယ်တို့ဖြင့်ခင်းပေးသည့်အခိုက်အတန့်
ကျနော်ကိုယ်တိုင်ပင်လျှင်
ရောနှောကြွေကျသွားသည့်အခါမှ
ကိုယ့်ဘ၀ကိုယ်သတိရတော့သည် ....
သို့သော် .....
အရာရာသည်နှောင်းခဲ့လေပြီ ။
နောက်တစ်ကြိမ်
ပေးဆပ်ခွင့်မရှိတော့သည့်ဘ၀ဆိုက်ခဲ့ပြီမို့
နောက်ဆုံးသောပေးဆပ်ခြင်း၏အလွန်၌
သင်ထာဝရပျော်ရွှင်နေနိုင်ပါစေ ချစ်သူ ..... ။ ။
မိုးစက်နီ
(လူမသိ ... သူမသိ ကြွေခဲ့ဖူးသည့် ကြယ်များစွာသို့ )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment